သမိုင်းကြောင်း

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုကာ ပြည်သူက ရွေးကောက်တင်မြှောက်ပေးထားသည့် တည်ဆဲ ပြည်သူ့အစိုးရကို လက်နက်ဖြင့် အနိုင်ကျင့်ဖမ်းဆီး၍ ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းဆည်း လိုက်သည့်နေ့ ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေး ပြန်လည် အသက်သွင်းရန် စတင်ကြိုးပမ်းခဲ့သည့်အတွက် ထွန်းလင်းစ မြန်မာ့ဒီမိုကရေစီ အလင်းရောင် မှေးမှိန် ပျောက်ကွယ်သွားခဲ့ရပါသည်။

ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များက  စုစည်းပြီး ဖြစ်ပေါ်နေသည့်အခြေအနေများကြားမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyihtaungsu Hluttaw – CRPH) ကို ဖွဲ့စည်းနိုင်ခဲ့သည်။

များမကြာခင် ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းသည် နိုင်ငံအဝှမ်း အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်သည့်အနေဖြင့် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားလာကြသည်မှာ ယနေ့အချိန်ထိ နေ့စဉ်ရက်ဆက် တိုက်ပွဲဝင်နေကြဆဲဖြစ်ပါသည်။ ပြည်သူ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် အကြမ်းဖက် စစ်‌ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပြိုပျက်စေမည့် အဓိကထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါသည်။

ထိုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူလူထုကို လက်နက်ဖြင့် အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီးမှုများ လုပ်လာသည်မှာလည်း ယနေ့အချိန်ထိ ဖြစ်သည်။ ပြည်သူလူထုကို အကာအကွယ်ပေးရမည့် တာဝန်ရှိသော မြန်မာ့တပ်မတော်သားများသည် ပြည်သူ့အတွက် အကာအကွယ်မပေးဘဲ၊ အကြမ်းဖက်စစ်အုပ်စု လူတစ်စုအတွက် အကာအကွယ်ပေးပြီး ပြည်သူကို ကျောခိုင်းခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သည် မတ်လ(၃၁) ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စု ကို အကြမ်းဖက်စစ်ကောင်စီအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။

ပြည်သူလူထုကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားသည့် တရားဝင်အာဏာရှိသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ လူထုသပိတ်ကော်မတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ စသည့် ဒီမိုကရေစီအင်အားစုများသည် အစည်းအဝေးများ ကြိမ်ဖန်များစွာ ကျင်းပ၍ တွဲလက်ညီညာစွာ Charter တစ်ခုကို သဘောတူ ရေးဆွဲပြဌာန်းနိုင်ခဲ့သည်။ ဤ ပဋိညာဉ်သည် မြန်မာ့နွေးဦးတော်လှန်ရေး၏ ရှေ့ဆောင်လမ်းပြသဘောတူညီချက်လည်း ဖြစ်သည်။ ပဋိညာဉ်အရ တိုင်းရင်းသားအင်အားစုများ ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကို ပြီးခဲ့သည့် ဧပြီလ (၁၆) နေ့တွင် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးဌာနတစ်ခုဖြစ်သော ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လူမှုဘဝ လုံခြုံရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ အန္တရာယ်လက်တွင်းမှ အကာအကွယ်ပေးနိုင်ရန် ဦးထိပ်ပန်ဆင်ထားပါသည်။