ဗီဒီယိုများ

မိုးခါး ၏ ကဗျာ

တစ်ပါးသူအိမ်မက်ကိုရိုက်ချိုးပြီး
လုယူပိုင်ဆိုင်ခွင့်ရစတမ်းဆိုရင်
လူတိုင်းဟာ ဒဿတွေဖြစ်ကုန်မှာပေါ့။

တပ်တွင်းက သူငယ်ချင်းတို့ရေ …

အခုတော့
မင်းတို့ဘဝကိုကြည့်ပြီး
ကျုပ်ရင်လေးမိတယ်ဗျာ။

လူရယ်လို့ဖြစ်လာရင် ဆင်းရဲသည်ဖြစ်စေ
ချမ်းသာသည်ဖြစ်စေ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ သင့်တင့်တဲ့၊
နွေးထွေးတဲ့ ပေါင်းသင်းဆက်ဆံမှုရှိနေမှ
ဘဝရဲ့တစ်နေ့တာဖြတ်သန်းမှုက
အဓိပ္ပါယ်ရှိအသက်ဝင်မှာပေါ့

အခုတော့
သေနတ်ကိုင်ပြီးအုပ်စုဖွဲ့
လူတွင်ကျယ်လုပ်ရဲတာကလွှဲလို့
တစ်ကိုယ်တည်း မသွားရဲ မလာရဲ
မစားရဲ မသောက်ရဲ မအိပ်ရဲတဲ့ဘဝမှာ
တရားမျှတမှုကိုဦးထိပ်ပန်ဆင်တဲ့
ရဲ ဆိုတဲ့ နာမည်က
လုံးပါးပါးပျောက်ကွယ်နေပြီမဟုတ်လား။

အချိန်တွေသိပ်မကျန်တော့ဘူး
တစ်ဆစ်ချင်းအမွှန်းခံရတဲ့
ပြည်သူတွေရဲ့နာကြည်းမှုတွေ
အရောင်ရင့်လာပြီ။

ဆိုထားသမျှသစ္စာတွေစူးပြီး
ကျိန်စာနွံနစ်လာပြီ
အာဏာရူးတွေကိုကာကွယ်ဖို့
မထူးဇာတ် ဆက်ခင်းမနေကြပါနဲ့။

မကျန်တော့တဲ့အချိန်လေးမှာ

မင်းတို့ဂုဏ်သိက္ခာအတွက်
မင်းတို့မိသားစုဂုဏ်သိက္ခာ
မင်းတို့ချစ်တဲ့ရဲတပ်ဖွဲ့ဂုဏ်သိက္ခာအတွက်
ပြည်သူဘက်ကရဲရဲရပ်တည်လိုက်ပါတော့။

နာကျင်မှုတွေကိုအံကြိတ်ခံရင်း
ပြည်သူတွေမင်းတို့ကို
ကြိုဆိုနေဆဲပါ။

တစ်ချိန်က
မိုးခါး

Credit: Myanmar Police CDM Channel

Scroll to Top