ပြည်ထောင်စု ဝန်ကြီး

ဦးလွင်ကိုလတ်

ပြည်ထောင်စုဝန်ကြီး

ဦးလွင်ကိုလတ်သည် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။

ဦးလွင်ကိုလတ်ကို ၁၉၇၆ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ကျောင်းနေစဉ်ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် မှ ၂၀၀၃ ခုနှစ်ထိ သန်လျင်တက္ကသိုလ်များအသင်းဥက္ကဌ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်များစာပေအသင်း ဒုဥက္ကဌ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) သန်လျင်အရှေ့ပိုင်း တက္ကသိုလ်တာဝန်ခံ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
တက္ကသိုလ် တတိယနှစ် (ရူပဗေဒ) ပညာသင်ယူနေစဉ် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၅(ည) ပုဒ်မဖြင့် မတရား ဖမ်းဆီးခံရပြီး၊ ၂၀၀၃ မှ ၂၀၁၀ ခုနှစ်ထိ အင်းစိန်အကျဉ်းထောင်တွင် (၇) နှစ်တိတိ အကျဉ်းချခံခဲ့ရသည်။
၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ပါတီဝင်အဖြစ် စတင်ပါဝင်ဆောင်ရွက်ပြီး ပါတီ၏ နိုင်ငံရေးစွမ်းရည်မြှင့်သင်တန်းများကို နိုင်ငံအနှံ့ လိုက်လံပို့ချပေးခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ NLD ပါတီမှထုတ်ဝေသည်ံ့ ဒီလှိုင်း စာစောင်တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းရွက်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။
၂၀၁၆ မှ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်အထိ သန်လျင်မြို့နယ် အရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူ ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (YSPS) ကို အယူအဆတူညီသည့် သူငယ်ချင်း များဖြင့် လက်တွဲတည်ထောင်ပြီး၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
ဦးလွင်ကိုလတ်သည် အခြားပညာရပ်များအနေဖြင့် Certificate in Land, Property and Conflict Course in Washington, DC, U.S.A ၊ Certificate in Graduation of Transformational Leadership Development Training ၊ Certificate in Human-Resource Management စသည့် ခေါင်းဆောင်မှုစွမ်းရည် နှင့် လူသားအရင်းအမြစ်စီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုလက်မှတ်များလည်း ရရှိခဲ့ပါသည်။
နိုင်ငံရေးဆောင်ရွက်ချက်များ
  • ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။
  • ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။
  • ပြည်သူ့အစိုးရလက်ထက်၌ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ လွှတ်တော်ကိုယ်စားပြုအစုအဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ လွှတ်တော်မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
  • ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် မဲဆန္ဒနယ်မှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြန်သည်။
  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်၌ ရွေးကောက်ခံ အနိုင်ရ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ (Committee Representing Pyihtaungsu Hluttaw – CRPH) ၏ အဖွဲ့ဝင်ဖြစ် လာသည်။
  • ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် CRPH ၏ ခန့်အပ်တာဝန်ပေးမှုဖြင့် နိုင်ငံတော်သမ္မတရုံး နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ဧပြီလ ၁၅ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
  • ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် CRPH က ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။
ပါတီနိုင်ငံရေးဆောင်ရွက်ချက်များ
  • ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ပါတီဝင်အဖြစ် စတင်ပါဝင်ဆောင်ရွက်ခဲ့သည်။
  • ၂၀၁၃ ခုနှစ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၏ ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။
  • ၂၀၁၃ ခုနှစ်တွင် သန်လျင်မြို့နယ် အလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ် ညီလာခံမှ ရွေးချယ်တာဝန် ပေးအပ်ခဲ့သည်။
  • ၂၀၁၃ ခုနှစ်မှစ၍ ပါတီ၏ နိုင်ငံရေးစွမ်းရည်မြှင့်သင်တန်းများကို နိုင်ငံအနှံ့ လိုက်လံပို့ချပေးခဲ့သည်။
  • ၂၀၁၇ ခုနှစ်တွင် ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး၊ ပါတီပြန်ကြား ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။
  • ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဒီလှိုင်းစာစောင်တွင် အယ်ဒီတာအဖြစ် ပါတီတာဝန်ထမ်းရွက်ခဲ့သည်။
  • ဒီလှိုင်း – Online အယ်ဒီတာ၊ မေးခွန်အဆို စိစစ်ရေး အဖွဲ့ဝင်၊ သန်လျင်မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူးအဖြစ်လည်း ပါတီမှ တာဝန်ပေး အပ်ခြင်းခံရသည်။
ဒီမိုကရေစီရရှိရေး ဆောင်ရွက်မှုများ
  • ၂၀၀၀ – ၂၀၀၃ ခုနှစ်ထိ၊ သန်လျင်တက္ကသိုလ်များအသင်းဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
  • ၂၀၀၀ – ၂၀၀၃ ခုနှစ်ထိ၊ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်များစာပေအသင်း ဒုဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
  • ၂၀၀၂ – ၂၀၀၃ ခုနှစ်ထိ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) သန်လျင်အရှေ့ပိုင်း တက္ကသိုလ်တာဝန်ခံ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
  • ၂၀၀၃-၂၀၁၀ ခုနှစ်ထိ၊ ကျောင်းသားနိုင်ငံရေးဖြတ်သန်းမှုများကြောင့် ၅(ည) ပုဒ်မဖြင့် ဖမ်းဆီးအပြစ် ပေးခံရပြီး၊ အင်းစိန်အကျဉ်းထောင်တွင် (၇) နှစ်တိတိ အကျဉ်းချခံခဲ့ရသည်။
  • ၂၀၁၁ – ၂၀၁၄ ခုနှစ်ထိ၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (YSPS) ကို အယူအဆတူညီသည့် သူငယ်ချင်း များဖြင့် လက်တွဲတည်ထောင်ပြီး၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက် ခဲ့သည်။
  • ၂၀၁၂ – ၂၀၂၀ ခုနှစ်ထိ၊ သန်လျင်လူမှုဖွံ့ဖြိုးရေးစင်တာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။
Scroll to Top